ဟာဘင်းရေခဲနှင့်နှင်းကမ္ဘာပွဲတော်၌ အထူးဖိတ်ကြားခံနိုင်ငံအဖြစ် မြန်မာ ပါဝင်မည်
One News
Nov 17, 2026
(၂၈)ကြိမ်မြောက် ဟာဘင်းရေခဲနှင့်နှင်းကမ္ဘာပွဲတော်မှာ မြန်မာနိုင်ငံဟာ အထူးဖိတ်ကြားခံနိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်သွားမယ်လို့ ဟာဘင်းမြို့ ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာကျင်းပတဲ့ ဆောင်းရေခဲနှင့်နွေအလှတို့ စုဝေးရာ မြို့တော်ဟာဘင်းခရီးသွားလာရေးမိတ်ဆက်ပွဲအခမ်းအနားမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
ဟာဘင်းရေခဲနှင့် နှင်းကမ္ဘာပွဲတော်မှာ မြန်မာနိုင်ငံကို အထူးဖိတ်ကြားခံနိုင်ငံအစီအစဉ်နဲ့ ရွှေတိဂုံစေတီတော် ရေခဲပန်းပုဖွင့်ပွဲအခမ်းအနားတွေကို ထည့်သွင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို အရှေ့တောင် အာရှဒေသမှာ ဟာဘင်းမြို့ရဲ့ အရေးကြီးတဲ့ ပစ်မှတ်ခရီးသွားဈေးကွက်အဖြစ် အစဉ်အမြဲ ရှုမြင်ထားပါတယ်။ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကို ပေါင်းကူးတံတားအဖြစ် အသုံးပြုပြီး မြန်မာမိတ်ဆွေ အများအပြားကလည်း ဟာဘင်းမြို့ကို သိရှိနားလည်ကာ ဝင်ရောက်လည်ပတ်လာကြဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အခုလို ရွှေတိဂုံစေတီတော်ရေခဲပန်းပုကို ထည့်သွင်းလိုက်တဲ့အတွက် ပွဲတော်ကို ကမ္ဘာ့တစ်ဝန်းက လာရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေက မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိသွားဖို့ ယုံကြည်တယ်လို့ ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာရဲ့တာဝန်ခံ မစ္စတာဟန်ကျားကျွင်းက ပြောပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟေးလုံကျန်းပြည်နယ်၊ ဟာဘင်းအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း ဟာဘင်း ခရီးသွားလာရေးမိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဟာဘင်းမြို့အကြား ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် နိုင်ရေး၊ ခရီးသွားလုပ်ငန်းအခွင့်အလမ်းတွေ ဖလှယ်နိုင်ရေးနဲ့ နှစ်ဖက်ခရီးသွားလုပ်ငန်းရှင်တွေအကြား ဆက်ဆံ ရေး ပိုမိုခိုင်မာလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ဟာဘင်းခရီးသွားလာရေးမိတ်ဆက် ပွဲအခမ်းအနားကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ ဟာဘင်းမြို့ ယဉ်ကျေး မှု၊ ဗီဒီယိုရုပ်မြင်သံကြားနှင့်ခရီးသွားလာရေးဦးစီးဌာနနဲ့ ဟာဘင်းမြို့ ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံးတို့က ဦးဆောင် ပြီး မြန်မာနိုင်ငံဆိုင်ရာ ဟေးလုံကျန်းကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွား လာရေးမြှင့်တင်ရေးအသင်းတို့နဲ့ ပူးတွဲကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ဟာဘင်းရေခဲနှင့် နှင်းကမ္ဘာပွဲတော်ဟာ ဟေးလုံကျန်းပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ ဆောင်းရာသီ ရေခဲပန်းပု ဥယျာဉ်ပွဲတော် ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ ညလွှတ်မီးပုံးပျံများ ဆက်လက်ယှဉ်ပြိုင်
One News
Nov 17, 2026 5ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းမှာ ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံတွေ ဆက်လက်လွှတ်တင် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။